Saturday, 12 May 2012

ရခိုင်ပြည်မှမွတ်စလင်မ်လှေစီးဒုက္ခသည်များ



ဗီယက်နန်အမေရိကန်စစ်ပွဲအပြီး တောင်ဗီယက်နန်ကို ဗီယက်ကောင်းကွန်မြူနစ်တို့ ၀င်ရောက်သိမ်းပိုက် ခဲ့ပြီးနောက်ပိုင်း တောင်၊ မြောက်ဗီယက်နန်ပေါင်းစည်း၍ ကွန်မြူနစ်နိုင်ငံထူထောင်ချိန်၌ ကွှန်မြူနစ်ဝါဒ၊ ကွန်မြူနစ်စနစ်ကို မနှစ်သက်၍ ဗီယက်နန်နိုင်ငံမှ လူအတော်များများသည် ပစိဖိတ်သမဒ္ဒရာ တောင်တရုတ်ပင်လယ်၌ လှေစီးဒက္ခသည်ဘ၀ ဖြင့် အသက်ကိုရင်း၍ ထွက်ပြေးသည့်သတင်း တစ်ချိန်ကခေတ်စားခဲ့သည်။ သတင်းဦးသတင်းထူးဖြစ်ခဲ့ရသည်။ ကမ္ဘာကစောင့်ကြည့်ရသည့် ထိပ်တန်းသတင်းဖြစ်ခဲ့သည်။
ယခုမြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ လှေစီးဒုက္ခသည်များသတင်း နိုင်ငံတကာသတင်းများ၌ ပေါ်ထွက်လျက်ရှိနေ သည်။ ယိုးဒယားသို့လှေကပ်လျှင် ပြန်လည်မောင်းထုတ်၊ မလေးရှားရောက်လျှင် ပြန်မောင်းထုတ်လုပ်၍ ပင်လယ်ထဲပြန်၍ မျှောခဲ့သည်။ ဗီယက်နန်လှေစီးဒုက္ခသည်များက ပစိဖိတ်သမုဒ္ဒရာ တောင်တရုတ်ပင်လယ်၊ ရခိုင်ပြည်နယ်မှ လှေစီးဒုက္ခသည်များကတော့ အိန္ဒိယသမုဒ္ဒရာ ဘင်္ဂလားပင်လယ်အော်၊ သမုဒ္ဒရာချင်းမတူ၊ ပင်လယ်ချင်းမတူသော်လည်း ဒုက္ခချင်းကတော့အတူတူပါပဲ ထပ်တူထပ်မျှပဲဖြစ်ပါသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ မွတ်စလင်မ်လှေစီးဒုက္ခသည်များ ဘာ့ကြောင့်ဖြစ်ပေါ်ရသနည်း။ အမေးရှိက အဖြေရှိရတော့မည်။
1977ခုနှစ်၊ ဦးနေ၀င်း(မဆလ)ခေတ်၌ နဂါးမင်းစီမံချက်ဖြင့် မောင်းတော၊ ဘူးသီးတောင်နှင့် ရခိုင်ပြည်နယ် အခြားမြို့နယ်များ၊ ကျေးရွာရပ်ကွက်များ၊ ရွာကြီး၊ ရွာငယ်များရှိ အစ္စလာမ်ဘာသာကိုးကွယ်သူ မွတ်စလင်မ်များအား  ၎င်းတို့၏ဇာတိချက်မြုပ်၊ ဘိုးဘွှားဘီဘင်များရှေးပဝေသဏီကပင်နေထိုင်ခဲ့သည့် မွေးရပ်ဇာတိမြေမှ အပြင်းအထန် နှိပ်စက်မောင်းထုတ်ခဲ့မှုကြောင့် မိမိတို့၏အိုးအိမ်၊ လယ်ယာ၊ တောတောင်၊ ချောင်းမြောင်းတို့ကို စွန့်ခွာပြီး အလှမ်းမဝေးသည့် အနီးဆုံးနေရာ (နတ်မြစ်)ကိုဖြတ်လျက် ယခင်အရှေ့ပါကစ္စတန်(ယခုဘင်္ဂလားဒေ့ရှ်)သို့အသက်လု၍ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရသည်မှာလည်း မြန်မာနိုင်ငံပြ့ည်မကြီးသို့ ထွက်ပြေးတိမ်းရှောင်မရသည့်အတွက်ဖြစ်သည်။ ဤသို့ဖြင့် တဖက်နိုင်ငံမှာ ဒုက္ခသည်အဖြစ် အလွန်အောက်တမ်းကျကာ ခွေးစား၊ ခွေးနေဘ၀ဖြင့် ယာယီခိုလှုံနေခဲ့ရပါသည်။
၎င်းမွတ်စလင်မ်တို့၏လယ်မြေ၊ ယာမြေ အိုးအိမ်၊ ကျွဲနွားတိရစ္ဆာန်များကို ထားရစ်ခဲ့ရပြီး အသက်လုပြေးခဲ့ရကာ ပစ္စည်းဥစ္စာဘာမျှမပါရှိတော့၍တဖက်နိုင်ငံမှာ ဘ၀ပျက်အခြေပျက် အနေပျက်ဖြင့် သူတောင်းစားဘ၀ သူများကျွေးမှစားရ၊ သူများပေးမှဝတ်ရသည့်ဘ၀ဆိုးကို ခါးစည်းကာခံခဲ့ကြရသည်။ လပေါင်းများစွာခံခဲ့ရပြီးမှ UNACR နှင့် အစ္စလာမ့်နိုင်ငံများမှ အလှူရှင်များ နိုင်ငံတကာကြက်ခြေနီအသင်းများ၊ လခြမ်းနီအသင်းများ၏ စေတနာဖြင့် မ၀ရေစာ အသက်မသေရုံနေထိုင် စားသောက်ခဲ့ရပါသည်။
ကုလသမဂ္ဂနှင့် နိုင်ငံတကာလူ့အဖွဲ့အစည်းများ၏ တိုက်တွန်းမှု၊ ဖိအားပေးမှုများကြောင့် ()နှစ်အကြာမှာ ဟင်္သာစီမံချက်ဖြင့် မြန်မာနိုင်ငံ (မဆလ)ဦးနေ၀င်းအစိုးရက ပြန်လည်ခေါ်ယူနေရာချထားပေးခဲ့ပါသည်။
ထွက်ပြေးသူအားလုံးပြန်ခေါ်ခြင်းမဟုတ်ပါ။ လိုလျှင်လိုသလို မလိုလျှင်မလိုသလို ခေါ်ယူခြင်းဖြစ်ပါသည်။ ကမ္ဘာနှင့် နိုင်ငံတကာက အမြင်ကောင်းအောင်ပြုလုပ်ခြင်းဖြစ်ပါသည်။ ယင်းသို့နဂါးမင်းစီမံချက်သည် ဦးနေ၀င်း(မဆလ) လက်ထက်၌ဖြစ်ပွားခဲ့ပြီး အစိုးရ၏တာဝန်ပေးချက်အရ စစ်တွေမြို့အမှတ်()တပ်ရင်းမှ တပ်ရင်းမှူးခင်ညွှန့် (ယခုဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်)က ဦးဆောင်ဦးရွက်ပြုခြင်းဖြစ်ကြောင်း အဲဒီခေတ်ကာလ သတင်းစာများ၊ သတင်းများ က ဖော်ညွှန်းပြီးဖြစ်ပါသည်။
လိုသလို/မလိုသလို ပြန်ခေါ်သည့် ဟင်္သာစီမံချက်ကို ပြုလုပ်ပေးရသူမှာလည်း ဦးခင်ညွန့်ပင်ဖြစ်သည်။ ပြန်ခေါ်သည့်ဟင်္သာစီမံချက်ပြီးတော့ နှစ်နိုင်ငံနယ်စပ် မြန်မာဘက်အခြမ်း၌ ဟင်္သာစီမံချက်စေတီတစ်ဆူကို ဦးခင်ညွန့် တည်ခဲ့ပါသေးသည်။ ယခုထက်ထိ ဟင်္သာစီမံချက်ဘုရားစေတီရှိနေပါသည်။
မခေါ်ချင့် ခေါ်ချင့်နဲ့ ကမ္ဘာကအမြင်ကောင်းအောင်လုပ်ခဲ့သည့်ဟင်္သာစီမံချက်ပြီးနောက် ရခိုင်ပြည်နယ်အတွင်း နှိပ်စက်မှုမျိုးစုံကို ဥပဒေအမျိုးမျိုးထုတ်၍ ရခိုင်ပြည်နယ်အတွင်း၌ စီမံကိန်းချ၍ လုပ်ကိုင်ပါတော့သည်။ ဥပမာ မွတ်စလင်မ်များ တစ်မြို့နယ်မှတစ်မြို့နယ်သို့ မြို့နယ်ကျော်၍ခရီးမသွားရ။ ကျေးရွာအုပ်စုတစ်ခုမှ အခြားကျေးရွာအုပ်စု တစ်ခုသို့ အုပ်စုကျော်မသွားရ။ ကိုယ့်မြို့ ကိုယ့်ရွာမှာသာ နေထိုင်ရမည်။ သားရေး၊ သမီးရေးကိစ္စ၊ လင်ယူသားမွေးကိစ္စ၊ လက်ထပ်ခြင်းကိစ္စတို့ကို ဒေသအာဏာပိုင်တို့ထံခွင့်ပြုချက်ရရှိရန် လျှောက်လွှာတင်ပြီး ခွင့်ပြုမှ မင်္ဂလာဆောင်ရမည်။ သားသမီးမင်္ဂလာဆောင်ကိစ္စကို လျှောက်လွှာတင်၍ခွင့်တောင်းရာတွင် ငွေသိန်းသောင်းကုန်ကျသော်လည်း တခါတရံ -နှစ်၊ -နှစ်ကျော်မှ ခွင့်ပေးသည်။ တခါတရံ မင်္ဂလာဆောင်မည့်သတိုးသား၊ သတို့သမီးတို့ကွယ်လွန်သေဆုံးပြီးမှ ခွင့်ပြုချက်ရသည့်အဖြစ်မျိုးလည်းရှိခဲ့သည်။
ကမ္ဘာမှာမရှိသည်ဥပဒေ မြန်မာနိုင်ငံ၏ရခိုင်ပြည်နယ်၌ရှိခဲ့သည်။ ယခုလည်းဆက်လက်ရှိနေပါသေးသည်။ ဂျာမဏီနာဇီဟစ်တလာ၏ ဂျူးများအပေါ်ထားရှိသည့်ဥပဒေမျိုးပြုလုပ်ခဲ့သည်ဖြစ်ရပ်ဆိုးများကဲ့သို့ ရခိုင်ပြည်နယ်မှ မွတ်စလင်မ်တို့ခံစားခဲ့ရသည်။ ပိုလန်နိုင်ငံအော့ဇ်ဝါအကျဉ်းထောင်ပို့ပြီး အဆိပ်ငွေ့ဖြင့်သတ်ဖြတ်ခြင့်း မလုပ်သည်ကလွဲ၍ ကျန်ပုံစံများမှာအတော်တူနေပါသည်။
ကျန်သည့်နည်းမျိုစုံဒုက္ခကိုတော့ ဒေသဆိုင်ရာအစိုးရ၏၀န်ထမ်းအာဏာပိုင်အဆင့်ဆင့်မှ ဆင်တူမျိုးကွဲ အမျိုးမျိုး ဒုက္ခပေးခဲ့ပါသည်။ ၁၉၈၈ အရေးခင်းကြီးဖြစ်ပွားခဲ့ရာ ရခိုင်ပြည်နယ်မှမွတ်စလင်မ်တို့သည် အင်တိုက်အားတိုက် ပါဝင်ခဲ့ကြသည့်အတွက် (န၀တ)(နအဖ)လက်ထက် ဗိုလ်ခင်ညွန့် အတွင်းရေးမှူး()ဖြစ်ချိန်၊ နအဖ ၀န်ကြီးချုပ်ဖြစ်ချိန် မွတ်စလင်မ်များကို ရခိုင်ပြည်နယ်၌ ကမ်းကုန်အောင်နှိပ်စက်ပါတော့သည်။
န၀တ၊ နအဖအတွင်းရေးမှူးဗိုလ်ချုပ်ကြီးခင်ညွန့်၏အမိန့်များဖြင့် ၎င်း၏ထောက်လှန်းရေးများ(လူဝင်မှုကြီးကြပ် ရေး)လ၀ကများသည် အရေးပေါ်ပြည်နယ်ဥပဒေများ၊ ချုပ်ချယ်ကန့်သတ်မှုများဖြင့် နည်းမျိုးစုံ ဖိနှိပ်ချုပ်ချယ်မှုများ စဉ်ဆက်မပျက် ပြုလုပ်ပါတော့သည်။
မြန်မာနိုင်ငံရခိုင်ပြည်နယ်၌ န၀တ၊ နအဖအစိုးရလက်ထက်၌ ယခင် မဆလအစိုးရကဲ့သို့ ရခိုင်ပြည်နယ်မှ မွတ်စလင်မ်များသည်-
၁။ နယ်ကျော်ပြည်နယ်ကျော်၊ အုပ်စုကျော် ခရီးမသွားရခြင်း။
၂။ ထပ်မံမွေးလာသည့်ခလေးသူငယ်များအား သန်းခေါင်စာရင်းထည့်မပေးခြင်း။ (နိုင်ငံမဲ့ဖြစ်အောင်လုပ်ခြင်း)
၃။ မင်္ဂလာဆောင်လက်ထပ်ခြင်းကိစ္စ ကန့်သတ်ချုပ်ချယ်ခြင်း။
၎။ အိုးအိမ်ထပ်မံ၍ အသစ်ဆောက်လုပ်ခြင်းများမလုပ်ရခြင်း။
၅။ ယုံကြည်ကိုးကွယ်မှုများကို လိုက်လံ၍နှောက်ရှက်ဟန့်တားခြင်း။
၆။ ကျန်းမာရေး၊ ပညာရေးနှင့် အခြားလူမှုရေးကိစ္စအ၀၀တို့ကို ပြည်မ မြန်မာနိုင်ငံအတွင်းသို့ ပြည်တွင်းဗီဇာမပါရှိပါက ခရီးသွားခွင့်မရခြင်း။ (နိုင်ငံခြားသားပြည်ဝင်ခွင့်ဗီဇာ)ကဲ့သို့တောင်းခံခြင်းများပြုလုပ်စေခြင်း။
၇။ ရခိုင်ပြည်နယ်၊ မြို့နယ်အသီးသီး၌မွေးဖွားကြီးပြင်းသော်လည်း အရွယ်ရောက်သည့်အခါ မှတ်ပုံတင် နိုင်ငံသားကဒ်စသည်တို့ကို လုပ်ကိုင်ပေးခြင်း၊ ထုတ်ပေးခြင်းလုံးဝမရှိခြင်း။ လူဦးရေသန်းခေါင်စာရင်း၌ ထည့်သွင်းမထားခြင်း။(နိုင်ငံမဲ့ဖြစ်အောင်လုပ်ခြင်း)
၈။         ၄င်းတို့ပိုင်လယ်မြေ၊ယာမြေတို့ကို အခြားသောသူတို့အားခွဲဝေပေးခြင်း၊(မပေးသော်အဓ္ဓမသိမ်းယူခြင်း)
၉။ ကျေးရွာများ၌အစိုးရ၀န်ထမ်းများက မွတ်စလင်မ်တို့အား ၎င်းတို့၏အိမ်အလုပ်(ထင်းခွေရေခတ်)မှအစ အခြားလုပ်ငန်းများကို မတရားစေခိုင်းခြင်း။
၁၀။ မွတ်စလင်မ်တို့၏ လူမှုရေးကိစ္စများတွင် လ၀က ၀န်ထမ်းများနှင့် ဒေသဆိုင်ရာ ၀န်ထမ်းမျိုးစုံ၊ အုပ်ချုပ်ရေးမျိုးစုံတို့ကိ လဘ်ငွေများများတောင်းယြူုခင်း၊ လဘ်ပေးလဘ်ယူကိစ္စတို့ကို အလွန့်အလွန်ကျူးလွန်ပြုလုပ်ခြင်း စသည်စသည်ဖြင့် လူအခွင့်အရေးချိုးဖောက်ခြင်းမျိုးစုံကို နည်းမျိုးစုံဖြင့် ချိုးဖောက်ခဲ့ကြပါသည်။
ရခိုင်ပြည်နယ်မြို့နယ်အသီးသီးမှ မွတ်စလင်မ်များသည် စားဝတ်နေရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ခရီးသွားလာရေး၊ ရောင်းဝယ်ရေး၊ လယ်ယာလုပ်ကိုင်ရေး၊ တိရစ္ဆာန်မွေးမြူရေးနှင့် ကိုးကွယ်မှုဆိုင်ရာ ကိစ္စများအရေးများတွင် နေရာတကာ၌ချုပ်ချယ်ကန့်သတ်မှုများ၊ ဟန့်တားမှုများ၊ တရားမဲ့ကျူးလွန်ခြင်းများမှာ အသေးအမွှားကိစ္စမှ အကြီးအမားကိစ္စများအထိ နှစ်ကာလပေါင်းများစွာကပင် ယနေ့တိုင် ခံစားနေကြရပါသည်။
အထက်ဖော်ပြပါအကြောင်းမျိုးစုံကြောင့် ရခိုင်ပြည်နယ်မှ မွတ်စလင်မ်များသည် မိမိတို့မွေးဖွားရာ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှာ ကျဉ်းကျဉ်းကျပ်ကျပ်နေထိုင်ရပြီး မြန်မာနိုင်ငံအခြားဒေသများမှ လူများနှင့်မတူ တမူထူးခြားစွာ အနှိမ်ခံဘ၀ကို ခံစားရနေရပါသည်။ ဤသို့ဖြင့် နေထိုင်သွားလာရင်း အလိုအလျောက် အကျဉ်းထောင်ထဲ နေရသလို ဖြစ်နေရပါသည်။ အကျဉ်းအကျပ်ဘ၀မှ လွတ်မြောက်ရေးလမ်း၊ လူ့အခွင့်အရေးအတွက် လွတ်လမ်းရှာဖွေသည့်အခါမှာ-
၁။ မြန်မာနိုင်ငံအတွင်းပိုင်းသို့ ကုန်းလမ်းဖြင့်ထွက်ခွာရန်မဖြစ်နိုင်ခြင်း။
၂။ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ခွာရန် မဖြစ်နိုင်ခြင်း။
၃။ မည်သည့်နေရာကိုမဆို ကုန်းလမ်းထွက်ခွာရန် မဖြစ်နိုင်သည့်အတွက် ရေလမ်း၊ ရေကြောင်းခရီးဖြင့် ရောက်ပေါက်ရာကို ထွက်ခွာထွက်ပြေးကြပါသည်။ စက်လှေသေးသေး လူများများတင်ဆောင်သွားခြင်းဖြစ်ပြီး ပင်လယ်ထဲ၌ သေလျှင်သေ၊ မသေလျှင်လည်း ရောက်ချင်ရာရောက်စေတော့ဟူ၍ မြန်မာ့ကမ်းရိုးတန်း မြစ်ဝကျွန်းပေါ်ဒေသ၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသများအပြင် အခြားပြည်ပနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှားနိုင်ငံများအား လေကြမ်း၊ လှိုင်းကြမ်း၊ ခရီးကြမ်းကို သွားလာကျော်ဖြတ်ပြီး အသက်နှင့်ရင်းကာ ပင်လယ်ခရီး လှေစီးဒုက္ခသည်ဘ၀ အလိုအလျောက်ရောက်ရှိသွားပါတော့သည်။
အထက်ပါအကြောင်းအရာအနည်းငယ်သည် ရခိုင်ပြည်နယ်မှ မွတ်စလင်မ်ဒုက္ခသည်များအကြောင်း၊ လှေစီးဒုက္ခသည် ဖြစ်ရခြင်းအကြောင်း အနည်းငယ်သာဖြစ်ပါသည်။
မြန်မာ့ကမ်းရိုးတန်းများ၌ ၎င်းတို့အားတွေ့ရှိလျှင် ဖမ်းစီးအရေးယူ၍ ရခိုင်ပြည်နယ်သို့ပြန်လည်ပို့ဆောင်ပြီး ရခိုင် ပြည်နယ်၌ တရားစွဲဆိုအပြ့စ်ပေးခြင်းခံကြရပါသည်။
ထိုင်းနှင့်မလေးရှား၌လည်း ပြန်လည်မောင်းထုတ်ခြင်း၊ ဖမ်းစီးခြင်းများပြုလုပ်၍ ဒုက္ခမျိုးစုံထပ်မံကြုံရပြန်သည်။  ၎င်းတို့ဒုက္ခကို ရေးကြပြောကြမည်ဆိုလျှင် နည်းနေဦးမည်ဖြစ်ပြီး လက်တွေ့ခံစားနေရသည့်သူတို့အဖို့မှာ နေ၀င်ပြီးနောက်နေ့နေထွက်လာမည်ကို ကမ္ဘာပေါ်ရှိသက်ရှိတို့စောင့်စားကြသလို ဤဒုက္ခ၀ဲဂယက်မှ ဘယ်တော့များလွတ် မြောက်နိုင်ပါ့မလဲဟု မျှော်လင့်စောင့်စားလျက်ရှိနေကြပါသည်။
လူမျိုးတစ်မျိုးကို အသားအရောင်ကြောင့်ဖြစ်စေ၊ ကိုးကွယ်ရာဘာသာကြောင့်ဖြစ်စေ ခွဲခြားဆက်ဆံ ညှင်းပမ်းနှိပ်ဆက်ခြင်းမှာ ယဉ်ကျေးမှုနိမ့်ကျ၍ အစွန်းရောက်ဝါဒစွဲကိုင်ထားသူတို့၏လုပ်ရပ်သာဖြစ်ပါသည်။ ငါ့လူမျိုးမှလူမျိုး၊ ငါလက်ခံသည့်ဘာသာမှ ဘာသာဟုယူဆသည့် လူမျိုးကြီး၊ ဘာသာကြီးဝါဒီတို့သည် အဆုံး၌ ကျဆုံးခြင်းနှင့်သာ ရင်ဆိုင်ကြရသည်။ ဟစ်တလာ၏လူမျိုးကြီးဝါဒက ၎င်းကိုကျဆုံးခြင်းဘက်သို့ တွန်းပို့ပေးခဲ့သည်မဟုတ် ပါလား။
မည်သို့ပင်ဆိုစေ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များမှာ မိမိတို့မွေးရပ်မြေပေါ်၌နေရင်းနှင့်ပင် ကိုးကွယ်ယုံကြည်မှုကို အကြောင်းခံ၍ မတရားညှင်းပမ်းခံကြရရင်း ဂျောင်ပိတ်မိနေသည့် အကျဉ်းသားများသာဖြစ်တော့သည်။

                                                                                                                      ဧရာဝတီမောင်တီ